International News

မြန်မာ့ထုတ်ကုန်များ ရုရှားနိုင်ငံသို့ တင်ပို့နိုင်ရေးနှင့် စပ်လျဉ်း၍ မြန်မာ - ရုရှား နှစ်နိုင်ငံအကြား Online Business Matching ကျင်းပပြုလုပ်

Last Updated:

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC-II) ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ-ရုရှား နှစ်နိုင်ငံ ကုန်သွယ် ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းရှင် များအကြား စီးပွားရေးဆွေးနွေးပွဲ (Business Matchings) များအား အပြန်အလှန် ကျင်းပနိုင်ရေး မြန်မာဘက်မှ အဆိုပြုခဲ့ပါသည်။

ဆွေးနွေးပွဲ၏ ရလဒ်များအပေါ် ဆက်လက်အကောင်အထည်ဖော်နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် ရန်ကုန်မြို့ရှိ ရုရှားကုန်သွယ်ရေးကိုယ်စားလှယ်ရုံးနှင့် ညှိနှိုင်း၍ Agricultural Products Export from Myanmar to Russia ခေါင်းစဉ်ဖြင့် မြန်မာ- ရုရှား Online Business Matching ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ ၁၄:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ Online Business Matching သို့ မြန်မာနိုင်ငံဘက်မှ မြန်မာကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံကော်ဖီအသင်းတို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြပြီး ရုရှားနိုင်ငံဘက်မှ ရုရှားကုန်သွယ်ရေးကိုယ်စားလှယ် Mr. Vladimir S. Kazadaev က ဦးဆောင်၍ ရုရှားနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းကုမ္ပဏီများ Virtual စနစ်ဖြင့် ပါဝင် တက်ရောက်ခဲ့ကြပါသည်။

မြန်မာ- ရုရှား နှစ်နိုင်ငံ Online Business Matching ကို နှစ်နိုင်ငံကုန်သည်လုပ်ငန်းရှင် များအကြား ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှ ဦးဆောင်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲတွင် နှစ်နိုင်ငံကုန်သည်များအကြား ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ကြကြောင်းနှင့် နှစ်နိုင်ငံကုန်သွယ်ရေးကိုယ်စားလှယ် အဖွဲ့များ စေလွှတ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ

Category: International News